ဝမ်းနှုတ်ဆေးတွေ မကြာခဏ သောက်မိတဲ့အခါ
ဝမ်းချုပ်တဲ့အခါ လူတိုင်း မအီမသာ ဖြစ်တတ်ကြတယ်နော်။ ဝမ်းကောင်းကောင်း မသွားရလို့ ဝမ်းနှုတ်ဆေးစားရတဲ့ အခါတွေလည်း ရှိဖူးကြတာပဲ မဟုတ်လား။ ဝမ်းနှုတ်ဆေးဆိုတာ တခါတရံ သုံးစွဲတာမျိုးက အန္တရာယ်မရှိပေမယ့် လိုတာထက်ပိုပြီး အလွန်အကျွံ သုံးစွဲရင်တော့ ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် အရာပါ။
အထိုင်များပြီး လှုပ်ရှားမှု မရှိတာ၊ အသီးအရွက် အစားနည်းပြီး အဆီအစိမ့်နဲ့ ဆီကြော်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အလွယ်တကူရတဲ့ အစားအစာတွေ အစားများတာ၊ အိပ်ရေးပျက်ပြီး စိတ်ဖိစီးမှုများတာ စတဲ့ ယနေ့ခေတ်ရဲ့ နေထိုင်စားသောက်ပုံတွေကြောင့် ဝမ်းချုပ်ခြင်း အဖြစ်များတဲ့သူ တချို့က ဝမ်းနှုတ်ဆေးကို အမြဲတမ်း သုံးစွဲနေတတ်ကြပါတယ်။
လှချင်ကြတဲ့ ကျားမ၊ လူကြီးလူငယ်မရွေးကလည်း လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာတဲ့ အစားအစာတွေ ရွေးချယ်စားသောက်တာမျိုးနဲ့ ဝိတ်ချဖို့ မကြိုးစားဘဲ ပိန်ဆေးအမည်ခံ ဝမ်းနှုတ်ဆေးတွေ စားပြီး ဝိတ်ချတတ်ကြပါတယ်။
ဝမ်းနှုတ်ဆေးအမျိုးအစား အမျိုးမျိုးရှိပေမယ့် အသုံးများတာက အူလမ်းကြောင်းကို လှုံ့ဆော်ပေးတဲ့ Bisacodyl နဲ့ ကြက်ဆူဆီလို ဝမ်းနှုတ်ဆေးတွေပါ။
ဝမ်းနှုတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲတဲ့အခါ…
- ခန္ဓာကိုယ်ထဲက Electrolytes နဲ့ Minerals ဓာတ်တွေ ကမောက်ကမဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာ
- ရေဓာတ်ဆုံးရှုံးပြီး ကတုန်ကယင်ဖြစ်တာ၊ မူးလဲတာ၊ အမြင်ဝါးလာတာ၊ ကျောက်ကပ်ပျက်စီးတာ
- နှလုံးခုန်နှုန်း မမှန်တာ
- ဖောယောင်တာ
- အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါ (Irritable Bowel Syndrome -IBS) ဖြစ်တာ
- အူလမ်းကြောင်း ပိုးဝင်တာ
- အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ များတာ
- အစာဟောင်းအိမ်ကျွံတာ
- ဝမ်းသွားရင် သွေးပါလာတာ
- ဗိုက်အောင့်တာ၊ လေပွတာ
- အသက်ရှူရခက်တာ
- အားနည်းနေတာ
- မူးဝေနေတာ
- သွေးပေါင်ကျတာ
- ခေါင်းကိုက်တာ
- တက်တာ
- စအိုဝက ကြွက်သားတွေ တုန့်ပြန်မှု မရှိတော့ဘဲ ဝမ်းနှုတ်ဆေးသောက်မှ ဝမ်းသွားတော့တာ စတဲ့ များပြားလှသော ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ဒီလိုဆိုးကျိုးတွေ မရစေဖို့ ဝမ်းနှုတ်ဆေး စွဲနေခဲ့ရင် ရပ်ဖြစ်အောင် ကြိုးစားရပ်သင့်ပြီး MOM လို ဝမ်းပျော့ဆေးနဲ့ အစားထိုးတာ၊ နေ့စဥ်ပုံမှန် အချိန်တစ်ခုပေးပြီး အိမ်သာတက်ခြင်းဖြင့် ဝမ်းကျင့်ပေးတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ဆိုးကျိုးတွေပါ ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်သလို ကုသမှု ခံယူသင့်ပါတယ်။
သဘာဝအတိုင်းကတော့ အကောင်းဆုံးပါပဲနော်။ ဝမ်းမချုပ်ရအောင် ရေများများသောက်တာ၊ အသီးအရွက် များများစားတာ၊ ကိုယ်လက်လှုပ်ရှားတာမျိုး လုပ်ရမှာ ဖြစ်သလို ပိန်ချင်ရင်လည်း လေ့ကျင့်ခန်းသေချာလုပ်တာ၊ အစားအသောက်ကို စနစ်တကျ ရွေးချယ်စားသောက်တာမျိုးသာ လုပ်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်